Enterprise Software တွေကို ၀ယ်ယူအသုုံးမပြုခင် စဉ်းစား ဆောင်ရွက်သင့်တဲ့ အချက် ၁၅ ချက်

ယနေ့ခေတ်လို စျေးကွက်မှာ ပြိုင်ဆိုင်မှုတွေများလာပြီး နည်းပညာ အသုံးချမှုများလာတဲ့ စီးပွားရေး နယ်ပယ်ထဲမှာ လုပ်ငန်း တိုင်းလိုလိုဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ထုတ်ကုန်စွမ်းအားတွေ တိုးတက်လာနိုင်ဖို့အတွက် နည်းပညာတွေကို အတက် နိုင်ဆုံး အပြည့်အဝ အသုံးချလျက်ရှိပါတယ်။ Cloud နည်းပညာလား၊ Artificial Intelligence (AI) နည်းပညာလား ဒါမှမဟုတ် ငွေပေးချေမှုစနစ်တွေလား စသည်ဖြင့် အရမ်းကို ကျယ်ပြောလာခဲ့ပါတယ်။

ကိုယ့်အဖွဲ့အစည်းအတွက် သေချာမှန်ကန်တဲ့ Software ကိုရွေးချယ်ခြင်းဟာလဲ အဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Forbes နည်းပညာကောင်စီမှ အဖွဲ့ဝင် ၁၅ ဦးရဲ့ Software တစ်ခု ၀ယ်ယူမှုမပြုခင်မှာ လုပ်ငန်းရှင်တွေအနေနဲ့  ဘာတွေ ပြုမူဆောင်ရွက်သင့်လဲဆိုတဲ့ အကြံပြုချက်များကို ဖော်ပြပေး သွားမှာပါ။

၁။ Software ကို အသုံးပြုဖူးသူများနှင့် စကားပြောကြည့်ပါ။

Software တစ်ခုခု ၀ယ်တော့မယ် ဒါမှမဟုတ် ကိုယ့်လုပ်ငန်းအနေနဲ့ အသုံးပြုမယ့် ၀န်ဆောင်မှု တစ်ခုခု ရွေးချယ်တော့မယ် ဆိုတာနဲ့ အရင်ဆုံး ပုံစံတူ Software မျိုး ဒါမှမဟုတ် ၀န်ဆောင်မှုမျိုးကို အသုံးပြုပြီးသား လူတွေနဲ့ စကားပြောကြည့်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လို အမှားအယွင်းတစ်ခုခုဖြစ်တဲ့ အချိန်ဆိုတာ ရှိလာနိုင်ပြီး၊ အဲ့လိုအခြေအနေမျိုးမှာ Vendors အနေနဲ့ အမှားအယွင်းကို ဘယ်လို ဖြေရှင်းသလဲဆိုတာနဲ့ သင်သူတို့ကို လိုအပ်တဲ့ အချိန်မှာ သင့်အတွက် တစ်ကယ်ရှိနိုင်မရှိနိုင် ဆိုတာကို ပြောပြနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

၂။ Vendor ရွေးချယ်ရာမှာ စံနှုန်း သတ်မှတ်ချက်များထားပါ။

Software Vendors ကို သင်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ဗျူဟာမြောက် သတ်မှတ်ချက်တွေနဲ့ တိုင်းတာဖို့ဟာလဲ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် သင်ဝယ်ယူဖို့ ဆုံးဖြတ်ထားတဲ့ Software ဟာ နေ့စဉ် ဆောင်ရွက် နေရတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ၊့ အရေးကြီးတဲ့အပိုင်းမျိုးဆိုရင်တော့ ဒီအတွက် ချွင်းချက်ထားစရာလုံးဝမလိုပါဘူး။ ဒါ့ကြောင့် Software ကို အပြီးသတ်ဝယ်ယူမှုမပြုခင်မှာ Vendor အနေနဲ့ ဘယ်လို ဝန်ဆောင်မှုမျိုးကို တစ်ကယ် ပေးစွမ်းနိုင် မလဲဆိုတာကို သေသေချာချာ မေးမြန်းဖို့ လိုအပ်ပါတယ် ။

၃။ အရံ ရွေးချယ်စရာများထားပါ။

စျေးကွက်ထဲမှာ ရှိနေတဲ့ မြောက်များစွာသော Apps တွေနဲ့ Software တွေထဲကမှ ဘယ်ဟာက ပိုပြီးကောင်းလဲဆိုတာမျိုး ပြောဖို့အတွက်ကတော့ နည်းနည်း အခက်တွေ့စေတဲ့ကိစ္စပါ။ အများစုကတော့ သူများတွေနဲ့ ရောယောင်ပြီး Search Engine ကနေ အရင်ဆုံးကျလာတဲ့ ရလဒ်ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီိလိုလုပ်လိုက်တာဟာ သူတို့ရဲ့ အသေးစိတ်ကျတဲ့ လိုအပ်ချက်နဲ့မကိုက်ညီတဲ့ ရွေးချယ်မှုကိဖြစ်စေပါတယ်။ ဒီလိုကိစ္စရပ်မျိုးကို တုန့်ပြန်နိုင်ဖို့ အရိုးရှင်းဆုံး နည်းလမ်းကတော့ တစ်ခြားရွေးချယ်စရာ အရံထားတာပဲဖြစ်ပါတယ်။ ဒါမှသာ သင့်အတွက် အသင့်တော် ဆုံးနဲ့ အကောင်း ဆုံး Software ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

၄။ Software ကို စမ်းသပ်အသုံးပြုကြည့်ပါ။

Software ၀ယ်ယူမှုကို အပြီးမသတ်ခင်မှာ Software ကို လက်တွေ့နဲ့နီးစပ်တဲ့ အချက်အလက်တွေကို ထည့်သွင်း စမ်း သပ် အသုံးပြုကြည့်ပါ။ ကောင်းမွန်တဲ့ Software Vendor အများစုကတော့ Feature အကုန်လုံးနီးပါး အသုံးပြုနိုင်တဲ့ Trials တွေကို အသုံးပြုခွင့်ပေးလေ့ရှိပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအနေနဲ့ Software ဟာ ဘယ်လောက်အတိုင်း အတာအထိ အသုံးပြုသူကို လွယ်ကူသက်သာစေလဲဆိုတာမျိုးကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

၅။ ၀န်ထမ်းတွေ အပေါ်ဘယ်လို အကျိုးသက်ရောက်လဲဆိုတာ ဂရုစိုက်ပါ။

Software အသုံးပြုစေခြင်းအားဖြင့် သင့်ရဲ့ ၀န်ထမ်းတွေအပေါ် ဘယ်လိုသက်ရောက်မှုမျိုးတွေ ဖြစ်စေသလဲ။ တစ်ကယ် တော့ သင်ဟာ Software တစ်ခု ၀ယ်ယူရုံသက်သက်မဟုတ်ပဲ သင့်ဝန်ထမ်းတွေအတွက် ပိုမိုအကျိုးရှိပြီး၊ ပိုမို လုပ််ရည် ကိုင်ရည် ရှိလာနိုင်စေဖို့ လုပ်ငန်းခွင် အလေ့အကျင့်တစ်ခုကို ဖန်တီးရာမှာ ရင်းနှီးမြုပ်နံလိုက်တာမျိုးပါ။ တစ်ကယ်လို့ ဘယ်သူကမှ Tool တွေကို အသုံးပြုနိုင်ဖို့ အလေ့အကျင့်ကောင်းတစ်ခုကို အချိန်ပေး မတည်ဆောက် နိုင်ဘူးဆိုရင်တော့ သင်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ အချည်းနှီးပါပဲ။

၆။ အောင်မြင်မှုရဖို့ ပူးပေါင်းဆောင်ရွက်ပါ။

နောက်ဆုံးပေါ် နာမည်ကြီးတဲ့ အရာတွေကို မဝယ်ဖြစ်ဖို့ အထူး သတိထားရှောင်ကျဉ်ဖို့ လိုပါတယ်။ အဖွဲ့အစည်းထဲက အခြားအဖွဲ့ဝင်တွေနဲ့အတူ Software ကို အသုံးပြုနိုင်ဖို့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို အစီအစဉ်ဆွဲပြီး ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာကိုပုံဖော်ပါ။ ဒါ့အပြင် Vendor အနေနဲ့လဲ သင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေပါတယ်။

၇ ။ အချက်အလက်တွေကို စနစ်တကျ ထုတ်ယူပါ။

အကယ်၍ Vendor က အဆင်ပြေနေရင်တောင်မှ၊ သင့်အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့အချက်အလက်တွေကို လုံခြံုမှုအတွက် အများကြီး ဆောင်ရွက်ခဲ့မယ်ဆိုရင်လဲ ပြသနာတွေ ဖြစ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ Vendor အနေနဲ့ ကတော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို သင့်ကို နည်းလမ်းပြပေးမှာဖြစ်ပေမယ့် မကောင်းတဲ့ Vendor တွေကတော့ သင့် အချက်အလက်တွေကို သူတို့ ကိုယ်ကျိုးအတွက် အသုံးချသွားနိုင်ပါတယ်။ ဒီလိုမှားယွင်းတဲ့ ရွေးချယ်မှုမျိုး မဖြစ်စေဖို့ကလဲ အထူးသတိထားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

၈ ။ ကိုယ်ဘာလိုချင်လဲဆိုတာကို သေသေချာချာ သိပါစေ။

Software Platform အသစ်တစ်ခုအတွက် ရင်းနှီးမြုတ်နှံမှုတစ်ခု မစတင်ခင်မှာ သင့်အနေနဲ့ ဘယ်လိုဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ ဘယ်လိုအခက်အခဲမျိုးတွေအတွက် အသုံးပြုမှာလဲဆိုတာကို အတိအကျ သိထားဖို့ အလွန်အရေးကြီး ပါတယ်။ တစ်ကယ်လို့ Software ကို Free Trial ရနိုင်မယ်ဆိုရင်တော့၊ အရင်စမ်းသပ်သုံးကြည့်ပြီး သင့်လိုအပ်ချက်နဲ့ ကိုက်ညီလားဆိုတာနဲ့ သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော် ရယူပေးနိုင်မလားဆိုတာကို စမ်းသပ်ကြည့် ထားသင့်ပါတယ် ။

၉ ။ ၀န်ဆောင်မှုဆိုင်ရာ သဘောတူညီချက်ကို အမြဲတမ်း စစ်ဆေးပါ။

စာချုပ်မှာလက်မှတ်မထိုးခင်၊ Vendor အနေနဲ့ ဘယ်လို ၀န်ဆောင်မှုမျိုးတွေကို ပေးမယ်လို့ အတိအကျ ညွှန်းဆိုထားတဲ့ သဘောတူညီချက် Service Level Agreement (SLA) ကို အမြဲ အသေးစိတ်စစ်ဆေးပါ။ သင့်လုပ်ငန်းဟာ တစ်ကယ်လို့ Vendors နဲ့ ဆက်ပြီး အလုပ်မလုပ် ဖြစ်တော့တဲ့အချိန်မှာ Software နဲ့ Data တွေအတွက် ဘယ်သူက ထိန်းချုပ်ပိုင်ဆိုင်နိုင် ခွင့် ရှိတယ်ဆိုတာကို အရေးကြီးတဲ့အတွက်ကြောင့်ပါ။

၁၀ ။ ဆုံးဖြတ်ချက်မချခင် သုံးသပ်မှုလုပ်ပါ။

ဘယ်တော့မှ စျေးတစ်ခုတည်းကို ကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ အဲ့ဒီအစား ဂုဏ်သတင်း၊ အတည်တစ်ကျရှိမှု၊ သုတေသန ပြုစု ဖော်ဆောင်မှုနဲ့ ကိုးကားမှုတွေကို ဆုံးဖြတ်ချက်ချရာမှာ ထည့်သွင်းစဉ်းစားလိုက်ပါ။ နောက်ပြီး Software ကို တစ်ကယ် အသုံးပြုမယ့် လူတိုင်းကို Demo ပြသချိန်မှာ သေချာပေါက်ပါ၀င်နေစေဖို့ လိုအပ်ပါတယ်။ ဒီလို ဆောင်ရွက်လိုက်ခြင်းအား ဖြင့် သင့်ရဲ့ Team ကို Software အသုံးပြုချိန်မှာ ပိုပြီး ကျွမ်းကျင်မှုရှိစေမှာပဲဖြစ်ပါတယ်။

၁၁ ။  ဖြစ်လာနိုင်မယ့် ပြသနာများကို စီမံနိုင်ဖို့ ကြားနေအဖွဲ့တစ်ခုထားပြီး အလုပ်လုပ်ပါ။

ဘယ်လို Software Vendor နဲ့ ပဲ အလုပ်လုပ်ဖြစ်ပါစေ၊ သင့်အနေနဲ့ Risk-Management-Process အတွက် ကြားခံအဖွဲ့ အစည်းတစ်ခုကနေတဆင့် အလုပ်လုပ်ပါ။ ချိုးဖောက်မှုတွေဟာ အရှိန်အဟုန်နဲ့ကို ဖြစ်ပေါ်နေပြီး၊ ချိုးဖောက်မှုတွေရဲ့ ရာနှုန်းတော်တော်များများဟာ Vendors တွေဖက်ကကြောင့်လို့ဆိုပါတယ်။ တစ်ကယ်လို့ Vendor အနေနဲ့ Software ကို Security အရ up to date ဖြစ်နေစေဖို့ မသေချာဘူးဆိုရင်တော့ အဲ့တာဟာ တစ်ကယ့်ကို အဆင်မပြေဘူးလို့ ဆိုနေတာပါပဲ။

၁၂ ။ သင့် Customer တွေကို ဘယ်လို အကျိုးပြုနိုင်မလဲဆိုတာ ထည့်သွင်းစဉ်းစားပါ။

Software ကို မဝယ်ယူခင်မှာ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်သူတွေကို မေးလေ့ရှိတဲ့ အရေးအကြီးဆုံးမေးခွန်းကတော့ “ ရင်းနှီးမြုပ်နှံမှုဟာ ယင်းတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုတဲ့  customer ရဲ့ လုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေဖို့ ဘယ်လို ဝန် ဆောင်မှုတွေကို လုပ်ပေးမှာလဲ” ဆိုတဲ့ မေးခွန်းပါ။ Managed Service Provider (MSP) တွေရဲ့ ဂုဏ်သိက္ခာဟာ End user တွေကို ထိရောက်တဲ့ ၀န်ဆောင်မှု ပေးနိုင်ခြင်းဆိုတဲ့ အစွမ်းပေါ်မှာ မူတည်နေပါတယ်။ Software ၀ယ်ယူမှုတိုင်း လိုလိုဟာ ဒီ သဘောသဘာဝအတိုင်း လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ် ။

၁၃ ။ လုံခြံုမှု စိတ်ချရမှုကို ဦးစားပေးပါ။

လုံခြံုမှုဟာလဲ ဒီနေ့ခေတ်မှာ အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကိုယ်ရွေးချယ်တဲ့ ဘယ်လို Vendor မဆို သတ်မှတ်ထားတဲ့ လုံခြံုရေး ဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဟာ မဖြစ်မနေလိုအပ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

၁၄ ။ နောက်ထပ် ထွက်ရှိလာမယ့် Software ရဲ့ Feature တွေကို ထည့်သွင်းစဉ်းစားပါ။

Vendor မှာ သင့်ရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ဖော်ဆောင်ပေးနိုင်မယ့် Product Road map ရှိနေဖို့ကိုလဲ သေချာ ပေါက် စီစစ်ဖို့လိုပါတယ်။ သင့်အနာဂတ်အတွက် သင့်လျော်ပြီး လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ Product Road map ရှိတဲ့ Vendor မျိုးကို သေသေချာချာ ရွေးချယ်ဖို့ကိုတော့ လိုအပ်ပါတယ် ။

၁၅ ။ လက်ရှိ လိုအပ်ချက်တွေအပြင် အနာဂတ်အတွက် လိုအပ်ချက်တွေကိုပါ တိတိကျကျ သတ်မှတ်ထားရှိပါ။

အစကနဦးပိုင်းမှာ မလိုအပ်တဲ့ License နဲ့ Feature တွေအတွက် ကုန်ကျစရိတ် ပိုသွားတာမျိုး မဖြစ်စေဖို့အတွက်၊ သင့် အနေနဲ့ စာချုပ်ပါ အချက်အလက်တွေမှာ အဓိကကျတဲ့ လိုအပ်ချက်တွေကို အကုန်ခြံုငုံမိရဲ့လားဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီလို စီမံထားခြင်း ဟာ Licenses နဲ့ Functionality အတွေအတွက် မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို စာချုပ်ချုပ်ဆိုသည့်အချိန်မှာ မပါ၀င် လာစေဖို့ တစ်ခါတည်း ရှောင်ပြီးသား ဖြစ်စေပါတယ် ။

အထက်ဖော်ပြပါ အကြောင်းအရာများကို Forbes Technology Council မှ ကောက်ယူထားသော စစ်တမ်းကို မှီငြမ်း ဖော်ပြထားခြင်းဖြစ်ပါသည်။

#SAP #ERP #VANGUARD_MYANMAR #SAP_MYANMAR #LOCAL_PARTNER